မြတ်စွာဘုရား၏ တရားတော်များအရ ဤ ခန္ဓာကိုယ် ကြီးသည် ပထ၀ီ၊ အာပေါ၊ ၀ါယော၊ တေဇော ဟူသော မြေ၊ ရေ၊ လေ၊ အပူအအေး ဓာတ်လေးပါး အစုအဝေးသာ ဖြစ်ပါသည်။ ဓါတ်လေးပါး အစုအဝေးသည် “ရုပ်” ဖြစ်၍ ခံစားတတ်ခြင်းသည် “နာမ်” ဖြစ်ပါသည်။ ရုပ်၊ နာမ် နှစ်ပါးမှလွဲ၍ သူ၊ ငါမရှိပါ။ ရုပ်နာမ် နှစ်ပါးသည် အစဉ်သဖြင့် ဖြစ်လိုက်၊ ပျက်လိုက် ဖေါက်ပြန် ပြောင်းလဲ နေပါသည်။ ဤ ဖြစ်ပျက် ဖောက်ပြန်မှု သဘာဝကို အမှန်တရား “ငါ” စွဲ-မ-စွဲပဲ သိမြင်ခြင်းသည် ပညာသိ ဖြစ်ပါသည်။ ငါနာသည်၊ ငါကျင်သည်၊ ငါလှုပ်သည်ဟု “ငါ” စွဲနေခြင်းကို သညာသိဟု ခေါ်ပါသည်။ ယင်းကဲ့သို့ “ငါ” စွဲ စွဲနေခြင်းကို ပညာသိနှင့် ဖြုတ်ချရန် အတွက် တရားထိုင်နေခြင်း ဖြစ်သဖြင့် ဓာတ်ကြီးလေးပါး၏ လက္ခဏာ သဘာဝများကို သိရှိ၊ သဘောပေါက်ထားရန် လိုအပ်ပါသည်။
ပထ၀ီဓာတ် တည်းဟူသော မြေဓာတ် လက္ခဏာသည် ခက်မာခြင်းနှင့် နူးညံ့ခြင်းများ ဖြစ်ပါသည်။ တရားထိုင် သောအခါ ဖြစ်ပေါ်လာသော နာကျင်ကိုက်ခဲခြင်း တို့သည် ပထ၀ီဓာတ် ဖောက်ပြန်ခြင်း ဖြစ်သည်။ ယင်းဓာတ်၏ ဖောက်ပြန် ခြင်းသည် အခြားဓာတ် သုံးပါးထက် ပို၍ ပြင်းထန်ပါသည်။
အာပေါဓာတ် တည်းဟူသော ရေဓာတ် လက္ခဏာသည် ဖွဲ့စည်းမှုနှင့် ယိုစီးမှု လက္ခဏာများ ဖြစ်သည်။ ရေနှင့် ရေခဲသဘောမျိုး ဖြစ်သည်။ ပါးစပ်အတွင်းမှ သွားရေများ စီးထွက်ခြင်း၊ ချွဲကြပ်ခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ထွက်ခြင်း ချွေးထွက်ခြင်း တို့သည် အာပေါဓာတ် ဖေါက်ပြန်သော လက္ခဏာများ ဖြစ်သည်။
ဝါယော တည်းဟူသော လေဓာတ်၏ လက္ခဏာမှာ ထောက်ကန်ခြင်းနှင့် လှုပ်ရှားခြင်း အမူအရာ လက္ခဏာ ဖြစ်သည်။ တရားထိုင်နေစဉ် ခန္ဓာကိုယ်သည် ရှေ့နောက် သော်လည်းကောင်း၊ ဆန်ကောဝိုင်း ကဲ့သို့လည်းကောင်း၊ လှုပ်ရှားနေခြင်း၊ ခြေလက်အင်္ဂါများ ပရမ်းပတာလှုပ်ခြင်း၊ ခန္ဓာကိုယ်အတွင်း၌ လေမုန်တိုင်း တိုက်ခတ်သ ကဲ့သို့ ခံစားရခြင်း အစရှိသည့် လက္ခဏာများသည် ၀ါယောဓာတ် ဖေါက်ပြန်သော သဘော လက္ခဏာ ဖြစ်သည်။
တေဇော တည်းဟူသော အပူ အအေးဓာတ် လက္ခဏာသည် တရားထိုင်နေစဉ် အအေးခန်း ၀င်သကဲ့သို့ ခန္ဓာကိုယ် အေးလာခြင်း၊ နေပူထဲ လမ်းလျှောက် ရသကဲ့သို့ ခန္ဓာကိုယ် ပူလာခြင်း၊ မီးစနှင့် ထိုးသကဲ့သို့ တစ်နေရာတွင် ကွတ်၍ အပြင်းပူခြင်း၊ တစ်ကိုယ်လုံး မီးလောင်သကဲ့သို့ ပူလာခြင်း၊ ရေခဲတုံးကြီးပေါ် တက်ထိုင် နေရသကဲ့သို့ အေးတက်လာခြင်း အစရှိသည့် သဘော လက္ခဏာ များသည် တေဇောဓာတ် ဖေါက်ပြန်မှုများ ဖြစ်ပါသည်။
လူတိုင်း လူတိုင်းသည် တစ်နေ့ သောအခါ ဓါတ်လေးပါး အနက် တစ်ပါးပါးက ဦးဆောင် ဖောက်ပြန် သောကြောင့် ခန္ဓာကြွေပျက်ပြီး သေဆုံးရမည်မှာ အမှန်ပင် ဖြစ်သည်။
0 comments:
Post a Comment