ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။

ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ

အကြောင်းတရား အခြေမွဲ
သူတောင်းစား အမေလည်း အမေ

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည် အတူတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်းမရှိလို့
ခြင်ကိုသွေးလှူ အတူတူ
ကြမ်းပိုးသွေးလှူ အတူတူ
အပူကို မျှဝေ
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တစ်ပါး
အခြားပေးစရာ
အထွေထွေမဲ့သော်လည်း
အမေ ဟာ အမေ ပဲလေ…။ ။


(ကိုဖိုးသား mail ပို့ ပေးတာပါ..)

"နေ့အခါမြှောက်၊ ညမှာခြောက်၊ ရွံ့ ကြောက်ဖွယ်ရာ၊ လောကီပါ။
နေ့အခါပျော်၊ ညမှာပျော်၊ နှစ်ဖော်ချမ်းသာ လောကုတ္တရာ။"

"တစ်ဘ၀အကျိုး၊ သယ်ဆောင်ပိုး၊ တန်းခိုးနည်းရှာ၊ လောကီပါ။
ဘ၀များမြောင်၊ ချမ်းသာဆောင်၊ မြင့်ခေါင်လှစွာ၊ လောကုတ္တရာ။"

"လောကီဥစ္စာ ရတနာ မှတ်ပါဘုံဆိုင်ပစ္စည်းတည်း။

လောကုတ္တရာ ရတနာ မှတ်ပါကိုယ်ပိုင်ပစ္စည်းတည်း။"


 

၁။ ရတနာသုံးဖြာနဲ့  ကံကံရဲ့ အကျိုးကို ယုံကြည်မှု သဒ္ဓါတရား။

၂။ ကိုယ်နှင့်နှုတ်ကို စောင့်စည်းထိန်းသိမ်းမှုသီလတရား။

၃။ အကြားအမြင် များမှု သုတတရား။

၎။ စွန့် ကြဲပေးကမ်းမှု စာဂတရား။

၅။ အမှန်တရားကို သိနိုင် မြင်နိုင်မှု ပညာတရား။

၆။ မကောင်းမှုပြုရမှာကို ရှက်တတ်မှု ဟိရတရား။

၇။ မကောင်းမှုပြုရမှာကို ကြောက်လန့် တတ်မှု သြတ္တပ္ပတရား။


 

"ဉာဏ်(၃)မျိုး"

၁။ သုတမယဉာဏ်-ကြားသိ ဉာဏ်

သုတမယဉာဏ်ဆိုသည်မှာ သူများ ဟောလို့  ပြောလို့ ဖြစ်စေ၊ မိမိကိုယ်တိုင် စာပေ ကြည့်ရှုလေ့လာလို့ ဖြစ်စေ ဖြစ်ပေါ်လာသော အသိ ဉာဏ်ကို ခေါ်ဆိုသည်။

၂။ စိန္တာမယ ဉာဏ်-တွေးသိ ဉာဏ်

စိန္တာမယ ဉာဏ်-တွေးသိ ဉာဏ်သည် သူများ ဟောလို့  ပြောလို့  ဖြစ်ပေါ်လာတဲ့  ဉာဏ်မျိုး မဟုတ်ဘဲ ကိုယ်တိုင်တွေးခေါ် စဉ်းစား စိတ်ကူးရာက ဖြစ်ပေါ် ရရှိလာသော အသိ ဉာဏ်ဖြစ်သည်။

၃။ ဘာဝနာမယ ဉာဏ်-ပွားသိ ဉာဏ်

ဘာဝနာမယ ဉာဏ်ကတော့ သူများ ဟောလို့  ပြောလို့  သိသောအသိလည်းမဟုတ်၊ ကိုယ်တိုင်တွေးခေါ် စဉ်းစားဆင်ခြင်ရုံသက်သက်နဲ့  သိသော အသိမျိုးလည်းမဟုတ်၊ ကိုယ်တိုင် အကျင့်မှန်ကို လက်တွေ့  ကျင့်ကြံ ပွားများအားထုတ်လို့  ဖြစ်ပေါ်ရရှိလာသော အသိ ဉာဏ်မျိုး ဖြစ်သည်။


 

မိမိတို့ ပတ်ဝန်းကျင်ရှိ လူများကို အမြင်ကောင်းများဖြင့် ကြည့်တတ်နိုင်လျှင် ထိုပတ်ဝန်းကျင်သည် ပျော်မွေ့ ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ဖြစ်မည်မှာ ဧကန်မလွဲနိုင်ပါ။ ထိုကဲ့ သို ပျော်မွေ့ ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ထောင်နိုင်ရန် လူသည် ပဓာန အကျဆုံးဖြစ်သည်။ လူကိုလူလို မြင်တတ်အောင် ကြည့်ရှုတတ်ရန် အလွန်အရေးကြီးပါသည်။ ထိုကဲ့ သို့ ကြည့်နိုင်ရန် "ဗြဟ္မစိုရ်"မျက်စိရှိမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဗြဟ္မစိုရ်မျက်စိမရှိလျှင် လူကိုလူလိုမမြင်နိုင်တော့ဘဲ ဆင်းရဲသူ၊ ချမ်းသာသူ၊ ရုပ်ဆိုးသူ၊ ရုပ်ချောသူ ဟုမြင်တတ်ပါသည်။ ဤအမြင်များကို "ပပဉ္စ"မျက်စိဖြင့် ကြည့်၍ မြင်သော အမြင်များ ဖြစ်ကြပါသည်။ "ပပဉ္စ"ဟူသည်မှာ တဏှာ၊ မာနနှင့် ဒိဋ္ဌိ တို့ ၏အမည်များဖြစ်သည်။ ထို့ ကြောင့် လူတို့ သည် လူများကို အတ္တမျက်စိဖြင့် ကြည့်ပြီး အတ္တအမြင်များဖြင့် ဆောင်ရွက်နေသမျှ ကာလပတ်လုံး ထိုလူတို့ ၏ ပတ်ဝန်းကျင်သည် ပျော်မွေ့ ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင် ဖြစ်လာနိုင်မည် မဟုတ်တော့ပါ။ ပျော်မွေ့ ဖွယ်ကောင်းသော၊ ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို တည်ထောင်နိုင်ရန်၊ လူများကို အကောင်းအမြင်များဖြင့် ကြည့်ရှုနိုင်ရန် အမြင် (၃) မျိုးရှိပါသည်။ ထိုအမြင်များမှာ-

၁။ သမာဓိဉာဏ် မျက်စိဖြင့်ကြည့်သော အမြင်၊
၂။ ၀ိပဿနာဉာဏ် မျက်စိဖြင့်ကြည့်သော အမြင်၊
၃။ မဂ်ဉာဏ် မျက်စိဖြင့်ကြည့်သော အမြင်၊


-လူများကို သမာဓိဉာဏ် မျက်စိဖြင့်ကြည့်သောအခါ လူကိုလူအဖြစ် မမြင်တော့၊ သတ္တ၀ါအဖြစ်လည်း မမြင်တော့၊ ဒြပ်ဝတ္ထုအနေဖြင့်လည်း မမြင်တော့ဘဲ ရုပ်နှင့်နာမ် (သို့ ) ခန္ဓာ အဖြစ်တာ မြင်တော့သည်။ ဤစစ်မှန်သော သဘောကို ပပဉ္စ မျက်စိဖြင့်လည်း မမြင်နိုင်၊ ဗြဟ္မစိုရ်မျက်စိဖြင့်လည်း မမြင်နိုင်၊ မဂ်ဉာဏ် မျက်စိဖြင့်သာ မြင်နိုင်သည်။

-နောက်တစ်မျိုးဖြစ်သော ၀ိပဿနာဉာဏ် မျက်စိဖြင့်ကြည့်သောအခါ လူကို လူကိုလူအဖြစ် မမြင်တော့၊ သတ္တ၀ါအဖြစ်လည်း မမြင်တော့၊ ဒြပ်ဝတ္ထုအနေဖြင့်လည်း မမြင်၊ ရုပ်နှင့်နာမ် (သို့ ) ခန္ဓာ အဖြစ်လည်းမမြင်တော့ဘဲ ဖြစ်ပျက် ကိုသာမြင်တော့သည်။ ဖြစ်ပျက်ကို မြင်သည်နှင့် မြင်သူ၏ စိတ်တွင် လောဘနှင့်မောဟ နည်းပါလာပြီး စစ်မှန်သောချမ်းသာများသည်လည်း ရှေးကထက် ပို၍ ထင်ရှာလာပါသည်။

-နောက်ဆုံးအမြင်ဖြစ်သော မဂ်ဉာဏ် မျက်စိဖြင့်ကြည့်သောအခါ လူကို လူကိုလူအဖြစ် မမြင်တော့၊ သတ္တ၀ါအဖြစ်လည်း မမြင်တော့၊ ဒြပ်ဝတ္ထုအနေဖြင့်လည်း မမြင်၊ ရုပ်နှင့်နာမ် (သို့ ) ခန္ဓာ အဖြစ်လည်းမမြင်၊ ဖြစ်ပျက်ကိုလည်း မမြင်တော့ပါ။ ဖြစ်ပျက်များ ကုန်ဆုံးရာ နိဗ္ဗာန် ကိုသာ မြင်တော့သည်။ နိဗ္ဗာန်ကို မြင်သည်နှင့် တဏှာ(သမုဒယ သစ္စာ) သည်လည်း ချုပ်ငြိမ်းပါသည်။
နိဗ္ဗာန်သို့  ဦးတည်နိုင်ကြပါစေ.......

- တဏှာဆိုသည်မှာ မရသေးသော အရာဝတ္ထုကို ရအောင် အားထုတ်ရန် တွန်းအားပေးသော အရာဖြစ်သည်။ ထိုအရာသည် မျှော်လင့်ချက်အပေါ်၌ အခြေခံခြင်းဖြစ်လျှင် ထိုမျှော်လင့်ချက်ကိုပင် "တဏှာ" ဟုခေါ်ဆိုနိုင်သည်။ ထိုကဲ့ သို့  တွန်းအားပေးသော တဏှာကို "ကာမတဏှာ" ဟုခေါ်ပါသည်။
- မိမိ၌ တည်ရှိပြီးသော အရာဝတ္ထုများကို မပျက်စီးရအောင် သိမ်းပိုက်ထားရန် တွန်းအားပေးသော တဏှာကို "ဘ၀တဏှာ" ဟုခေါ်ပါသည်။
- ဘ၀တဏှာအရ မိမိသိမ်းပိုက်ထားသော အရာဝတ္ထု၌လည်း ထာဝစဉ် ရောင့်ရဲကျေနပ်နိုင်သည်မဟုတ်။ တစ်ချိန်ချိန်၌ ထိုအရာများအပေါ် ငြီးငွေ့ လာပြီး အပြောင်းအလဲ လုပ်လိုပြန်သည်။ ထိုသို့ အပြာင်းအလဲလုပ်လိုသော တဏှာကို "၀ိဘ၀တဏှာ" ဟုခေါ်ဆိုပါသည်။

တဏှာရှိနေသရွေ့  မျှော်လင့်ချက် ရှိနေမည်။ မျှော်လင့်ချက်ရှိနေသ၍ ဘ၀လည်းရှိနေအုံးမည်။ ထို့ ကြောင့် ဘ၀ရှိနေသရွေ့  တဏှာလည်း ရှိနေမည်ဖြစ်သည်။ ကျွန်တော်တို့  မြတ်ဗုဒ္ဓသည် အလောင်းတော်အနေဖြင့် ဘ၀များစွာ သံသရာတစ်လျှောက်လုံး တဏှာကို ရှာခဲ့ သည်။ ထိုသို့  တဏှာကို တွေ့ အောင် ရှာခဲ့ သောကြောင့် ဘ၀အမျိုးမျိုး ဖြစ်ခဲ့ ရပါသည်။ ဘ၀အမျိုးမျိုးဖြင့် အကြိမ်များစွာ ဆင်းရဲဒုက္ခကို ခံစားရခြင်းဖြစ်ပါသည်။ နောက်ဆုံး၌ သဏှာကို တွေ့ ပြီး တဏှာ၏ စွမ်းအင်ကို ဖျက်ဆီးနိုင်ခဲ့ သည်။ ထို့ ကြောင့် နောက်ထပ် ဘ၀ကို မရတော့ဘဲ စစ်မှန်သော ချမ်းသာ အတုမဲ့ ချမ်းသာကို ရရှိခဲ့ ခြင်းဖြစ်ပါသည်။
ဓမ္မမိတ်ဆွေများနှင့် သူငယ်ချင်းအပေါင်းတို့ လည်း အတုမဲ့ ချမ်းသာကို ရနိုင်ကြပါစေ....................

လူဟူ၍ ဖြစ်လာသည်နှင့်အမျှ သံသရာဝဲဂယက်၌ မျောပါပြီး သောကကို ရင်ဝယ်ပိုက်ထားရလေသောကြောင့် မိမိ၏ ဘ၀အတွက်တောင့်တမှုများ ရှိလာကြသည်။ မိမိဘ၀အတွက် တောင့်တခြင်း (၄)မျိုးကို တောင့်တမြဲဖြစ်ကြပါသည်။

၁။ အိမ်ယာတည်ထောင်လိုခြင်း
အိမ်ယာတည်ထောင်လိုခြင်းကို "ကာမ" ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ လူတို့ သည် "ကာမ" အရ အထီးကျန် မနေလိုဘဲ ချစ်ရသောဇနီးနဲ့ နေလိုခြင်း၊ ချစ်ရသော ခင်ပွန်းနဲ့ နေလိုခြင်း၊ ချစ်ရသော သားသမီးများနဲ့ နေလိုခြင်း၊ ချစ်ရသောအတိုင်းအ၀ိုင်းနဲ့ နေလိုခြင်း တို့ ဖြင့် ပြည့်နက်နေကြသည်။ ထိုသို့ နေလိုသည့်အတိုင်း နေရအောင်လည်း အမျိုးမျိုး အားထုတ်နေကြသည်ကို အားလုံးသိနိုင်ကြသည်။ ထိုသို့ အားထုတ်သော်လည်း အားထုတ်သည့်အတိုင်း ဖြစ်ချင်မှဖြစ်နိုင်ကြပါသည်။ အကယ်၍ မဖြစ်လျှင်လည်း ဖြစ်လိမ့်နိုးနိုး မျှော်လင့်ချက်များဖြင့် မိမိဘ၀ ပျက်သုဉ်းမသွားစေရန် ဆက်၍ဆက်၍ ကြိုးစားနေကြရပါသည်။

၂။ စီးပွားဥစ္စာ ပြည့်စုံလိုခြင်း
စီးပွားဥစ္စာ ပြည့်စုံလိုခြင်းကို "အတ္တ" ဟူ၍ခေါ်ဆိုနိုင်ပါသည်။ လူသည် "အတ္တ" အရ ချို့ ချို့ ငဲ့ငဲ့ မနေလိုဘဲ မိမိ၏ ဘ၀အတွက် စီးပွားဥစ္စာနှင့် ပြည့်စုံစွာနေလိုကြသည်။ ပြည့်စုံလိုသည့်အတိုင်း ပြည့်စုံနိုင်ရန် အမျိုးမျိုး အားထုတ်ကြပါသည်။ အကယ်၍ မပြည့်စုံသေးလျှင်လည်း ပြည့်စုံအောင် ဆက်၍ဆက်၍ ထားထုတ်ကြပါသည်။ ပြည့်စုံသောသူများကလည်း ပြည့်စုံသည်ထက် ပို၍ ပြည့်စုံအောင် ဆက်လက်၍ အားထုတ်ကြပြန်သည်။ လူတို့ ၏ စိတ်အရ မြည်မျှပင် ပြည့်စုံစေကာမူ ဘ၀အတွက် ပြည့်စုံပြီဟူ၍ မရှိဘဲ ပို၍ပြည့်စုံစေရန် အားထုတ်ကြပြန်သည်။ ထိုသို့ အားထုတ်သော်လည်း လူများ၏ တောင့်တချက်များက ပြည့်စုံသည်ဟူ၍ မရှိဘဲ အများအားဖြင့် လိုမြဲလိုနေသည်သာ ဖြစ်တတ်ကြပါသည်။

၃။ ဓမ္မနှင့်အညီ နေထိုင်လိုခြင်း
တတိယ တောင့်တချက်မှာ ဓမ္မနှင့်အညီ ကျင့်သုံးနေထိုင်လိုခြင်း ဖြစ်သည်။ လူသည် လောက၌ "ကာမ" အရ အထီးကျန် မနေလိုဘဲ ချစ်ရသောအတိုင်းအ၀ိုင်းနဲ့ နေထိုင်ရရုံဖြင့်လည်း မပြီး။ "အတ္တ" အရ ချို့ ချို့ ငဲ့ငဲ့ မနေလိုဘဲ မိမိ၏ ဘ၀အတွက် စီးပွားဥစ္စာနှင့် ပြည့်စုံစွာနေထိုင်ရရုံဖြင့်လည်း မပြီး။ အမှန်အားဖြင့် "ဓမ္မ" နှင့်အညီ နေထိုင်ဖို့ လိုအပ်ပါသည်။ ထို့ ကြောင့် "ကာမ" အရ အိမ်ထောင်တည်ထောင်ရာ၌ ဖြစ်စေ၊ "အတ္တ" အရ စီးပွာဥစ္စာ ရှာဖွေရာ၌ ဖြစ်စေ အဓမ္မနည်းများကို သုံးချင်သုံးမည်ဖြစ်သော်လည်း မူရင်ဗီဇ ဓိတ်ဓါတ်အရ "ဓမ္မ" နှင့်အညီ နေထိုင်ကျင့်သုံးနိုင်အောင် အားထုတ်ခြင်းဖြစ်ပါသည်။

၎။ လွတ်လပ်စွာ နေထိုင်လိုခြင်း
"ဓမ္မ" နှင့်အညီ နေထိုင်ကျင့်သုံးနေထိုင်ရုံနှင့် မကျေနပ်သေးဘဲ လူတို့ သည် လွတ်လပ်မှုကို တောင့်တကြပြန်သည်။ ထိုသို့  လွတ်လပ်မှုကို တောင့်တခြင်းကို "မောက္ခ" ဟု ခေါ်ဆိုပါသည်။ လူများသည် အသက်ရှင်နေပြီး ဘ၀ကိုတည်ဆောက်နေသမျှ ကာလပတ်လုံး ဤတောင့်တချက်များကို တောင့်တနေမည်သာ ဖြစ်ကြပါသည်။ ဤတောင့်တချက် (၄)မျိုးမှာ ပုထုဇဉ်လူသားများ မကင်းနိုင်သော တောင့်တချက်များသာ ဖြစ်ကြပါသည်။

ပါရမီဆိုသည်မှာ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဖြစ်ပါသည်။ "မြင့်မြတ်သူတို့ ၏ လုပ်ငန်း" ဆိုသည်မှာ ကိုယ်ကျိုးကို ပဓာနမထားဘဲ သူတစ်ပါးကောင်းကျိုးကို လည်းကောင်း၊ သံသရာမှ လွတ်မြောက်ဖို့ ကို လည်းကောင်း ရည်ရွယ်၍ လုပ်ကိုင်ပြုလုပ်သောအလုပ်များကို ခေါ်ဆိုသည်။ ထိုကဲ့ သို့ သော အလုပ်များကို လုပ်ကိုင်နိုင်သူများသည်လည်း "မြင့်မြတ်သူများ" ပင်ဖြစ်ကြပါသည်။ လောကကို မိမိဘ၀အတွက် အသုံးမချဘဲ မိမိဘ၀ကိုသာ လောကအတွက် အသုံးချသူများ ဖြစ်ကြပါသည်။ မြင့်မြတ်သော သူတို့ ၏ လုပ်ငန်းများကို "ပါရမီ" ဟူ၍ ခေါ်ဆိုသည်။ ကျွန်တော်တို့  ဗုဒ္ဓမြတ်စွာဘုရားသည် မြင့်မြတ်သူများထဲတွင် အမြင့်မြတ်ဆုံး ဖြစ်ပါသည်။ ထို့ ကြောင့် မြတ်စွာဘုရား၏ ဆောင်ရွက်ချက်များသည် ပါရမီ မြောက်သောဆောင်ရွက်ချက်များချည်းသာ ဖြစ်သည်။
*ပါရမီ (၁၀)ပါး

ပါရမီမြောက်သော ကျင့်ကြံဆောင်ရွက်ချက် ဟုတ် မဟုတ် သိနိုင်ရန်အတွက် ပဓာနကျသော အင်္ဂါနှစ်ရပ်ရှိပါသည်။ ယင်းအင်္ဂါနှစ်ရပ်မှာ သူတစ်ပါးအပေါ် ကရုဏာရှိခြင်းနှင့် သံသရာမှ လွတ်မြောက်ဖို့ အတွက် ရည်မှန်းချက် ရှိခြင်းပင် ဖြစ်ပါသည်။ ထိုအင်္ဂါနှစ်ရပ်အပေါ် အခြေခံ၍ ဒါနစသော လုပ်ငန်းများကို လုပ်မှသာ ပါရမီ မြောက်သောလုပ်ငန်းများ ဖြစ်ပါသည်။
သာမန်လူသည် သာမန်ကိုသာ မြင်ပြီး သာမန်လိုတွေး၍ သာမန်သာ သဘောပေါက်မည်ဖြစ်သည်။ ပါရမီ ဟူသည်မှာ သာမန်လူများအတွက် မဟုတ်၊ မြင့်မြတ်သူများ အတွက်သာ ဖြစ်ပါသည်။ အမှန်အားဖြင့် ဘ၀ဟူသည်မှာ အနှစ်သာရ မရှိသဖြင့် အနတ္တ၊ မမြဲသဖြင့် အနိစ္စ၊ ဆင်းရဲ အတိဖြစ်သဖြင့် ဒုက္ခလည်း ဖြစ်ပါသည်။ ဤသို့  အနိစ္စ၊ဒုက္ခ၊အနတ္တ ဖြစ်သော ဘ၀ကို ရင်နှီးပြီး အတိုင်းမသိသော သုခများကို ခံစားနိုင်ကြပါစေ.........

လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက
တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။

• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊
ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို တတ်တယ်။

• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့
စိတ်တိုတာမဖြစ်အောင်နော်။

• ကတိအကြွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို
လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါစိတ် ဆင်းရဲ ရတယ်၊
စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။

• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။
ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။

• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက် အောင်စီစဉ်ထားပါ။
အရေးမကြီးတာတွေကို အရင်လုပ်ပြီး ပင်ပန်းသွားတဲ့အခါကျမှ အရေးကြီးတာကိုလုပ်ရင်
ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ပါ။ အရေးကြီးတာကို
အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့ သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။

• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊
အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့ လုပ်လို့ဖြစ်တာမျိုးကို
သူ့အချိန်ကျ ရင်လုပ်ဖြစ်အောင် အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊
နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက အချိန်ကုန်သက်သာသလို
စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက်
သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်
နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။

• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်
တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာ
စိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊
စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကို
မြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။ ကြည့်လိုက်တာနဲ့
စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကို မြင်သာတဲ့နေရာမှာ
ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီး ဓါတ်ပုံမျိုးကို ကြည့်ပြီး
အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့ မှန်းကြည့်ပါ။ ကိုမြင်သမျှ
ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။ ဒါကြောင့် မမြင်ရရင်ကောင်းတဲ့
အရာတွေကို ဝေးဝေးပို့ထားပါ၊ ဝေးလေကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို
ချောက်ချားစေနိုင်တယ်။ ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။

• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင် လုပ်နိုင်ရင်ကောင်းတယ်။
မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင် လုပ်ပါ။

• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီက
အကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေ ကိုယ်မအားတုန်း
အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့ မရမက လုပ်လာရင်လည်း
စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်
မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကို
မပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကို
အထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင်
ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲ
ကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ
သူပြောတာမဟုတ်ကြောင်းကိုပဲ အေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့
ဟုတ်နေရင်တောင်မှ မပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး
ထားဖို့လိုတယ် ။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများ များနဲ့မရောပါနဲ့။
အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာ နဲမှာမဟုတ်ဘူး။
အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင် တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး
ပေးနိုင်မဲ့သူကိုပဲပြောပါ။ မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို
ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။
စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။
စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။ ကိုယ်လုပ်မဲ့ အလုပ်မျိုးကို
လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။
ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေး ဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။
အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ
တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။ မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။
ဒါကြောင့် ``အရင်လိုရင် အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ
တိတိကျကျ လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။

• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။
ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးတွေပေးမယ်
ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း
တယ်လို့မြင်စေချင်လို့ ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ
လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့်
စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့
အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှ
ယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။
ပေးနိုင် တာထက် နည်းနည်းလျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။
ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။
ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို
ကိုသိတိုင်းလည်း မပြောသင့်ဘူး။ မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင်
စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်မယူသင့်ဘူး။
နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။
စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။

• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။
ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်းခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို
ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့
တော်တော်လိုပါတယ်။ ဆရာဝန်အလုပ်လည်းစိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို
လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင်တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ
တော်တော်ပင်ပန်းပါတယ်။ လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ
ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊
ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။ စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော်
သနားစရာကောင်းပါတယ်။ ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ
သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့
ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။

• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။
လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက
အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓါတ်ကျမယ်။
ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး
တွေးထားပြီးတော့ ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့
ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ
စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။

လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။
ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊ ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက
ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့
ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို
တစ်ယောက် နားလည်မှာမဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင်
မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင်
တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။ သူ့စိတ်ထဲမှာ ပြောချင်နေတာကို
ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့
ပိုပြီးအရေးကြီးတယ်။ သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကို
မေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုယ်ချင်စာပါတယ်
ဆိုတာကို သူသိအောင်ပြောပါ။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ
ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင်
စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ
သိပ်ကောင်းတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင်
လေးလေးစားစားဆွေးနွေးပါ။

လောကီအတွက်ပါ အကျိုးပေးတဲ့ ဆုံးမသြ၀ါဒပါ။ ၀ိပဿနာတရားတွေကို
အမြဲရှုပွားနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဆရာတော်ရဲ့ သြ၀ါဒက ချက်ချင်းစိတ်ကို
ငြိမ်းချမ်းစေနိုင်ပါတယ်။ စိတ်ကလေးကြည်လင်နေတဲ့အခါ ခန္ဓာဉာဏ်ရောက်တရားများကို
အားစိုက်နာကြည့်လိုက်ပါ။ ဒါမမဟုတ် ၀ိပဿနာတရားအားထုတ်ကြည့်ပါ။ အင်မတန်ကို
ချမ်းသာသုခ ရနေတဲ့အချိန်ပါ။ ဓမ္မမိတ်ဆွေများလည်း ဆရာတော် ပြောပြဆုံးမသည့်အတိုင်း
လိုက်နာကျင့်သုံးနိုင်ပါစေ။ ဘ၀မှာ စိတ်အချမ်းသာဆုံးနေနိုင်ကြပါစေ။
*ဆရာတော်ဦးဇောတိက

လူတစ်ယောက်သည် ``ဘုရားဒကာဆိုတဲ့ နာမည်တစ်လုံးရရင်တော်ပါပြီ´´ ဟူသော စိတ်ဖြင့် ဘုရား တည်နေ၏။ အခြားလူတစ်ယောက်ကား ``သားလေးရှင်ပြုဖို့၊ လှူနိုင်တန်းနိုင်ဖို့´´ဟူသော စိတ်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဇောက်ချပြီး ကြိုးစားပန်းစားလုပ်နေ၏။ ထိုနှစ်ယောက်တွင် ဘုရားတည်သောသူထက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသောသူက ပို၍မြင့်မြတ်၏။ အဘယ်ကြောင့်နည်း။ သူ၏ ရည်ရွယ်ချက်က မွန်မြတ်သောကြောင့်တည်း။

တခါက အလွန်ရင်းနှီးသော တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ တစ်ရက်လုပ်မှ တစ်ရက်စားရ သောကြောင့် ဥပုသ်နေ့မှာ ဥပုသ်စောင့်ချင်သော်လည်း ဥပုသ်မစောင့်နိုင်ကြ။ သို့နှင့် တစ်ယောက်တစ်လှည့်စီ ဥပုသ်စောင့်ဖို့ တိုင်ပင်ကြလေသည်။ လပြည့်နေ့ရောက်သောအခါ တစ်ယောက်က ကျောင်းသို့ သွားပြီး ဥပုသ်စောင့်၏။

ကျန်ရစ်သူ ကိုတံငါသည်ကတော့ နှစ်ယောက်စာရဖို့အတွက် လှေတစီးနဲ့ ချောင်းထဲမှာ ကြိုးစား ပန်းစားနှင့် ငါးများကို ဖမ်းရလေသည်။ ငါးများ နှစ်ယောက်စာရသောအခါ တံငါတဲထဲ၌ အနားယူရင်း ဥပုသ်စောင့်သွားသည့် သူငယ်ချင်းကို သတိရနေ၏။ ``အင်း ငါ့သူငယ်ချင်းကတော့ ဘုန်းကြီးထံကနေ သီလခံယူဆောက်တည် ပြီးရော့မယ်၊ အခုချိန်မှာ ဘုရားရိပ်မှာ နေပြီးတော့ ပုတီးစိပ်တရားထိုင်လုပ်နေရော့ပေါ့၊ အင်း ကုသိုလ်တွေ အများကြီး ရနေရော့မယ်၊ သိပ်အေးချမ်းမှာပဲ´´ဟု စဉ်းစားပြီး သာဓုခေါ်နေတော့၏။ လူက တံငါတဲ၌နေသော်လည်း စိတ်က ကျောင်းရောက်နေ၏။

ကျောင်းသွားပြီး ဥပုသ်စောင့်သော တံငါသည်ကလည်း ပုတီးကုံးကိုင်ပြီး ကျန်ရစ်သူ သူငယ်ချင်းကို သတိရနေမိ၏။ ``အခုချိန်မှာ ငါ့သူငယ်ချင်း ပိုက်ကွန်နှင့် ငါးတွေ ဖမ်းနေရော့မယ်၊ ဒီနေ့ ငါ့အတွက် ဝေစုပေး ရမှာဆိုတော့ နှစ်ယောက်စာ ဖမ်းရမှာ၊ ဖမ်းမှဖမ်းပါ့မလား၊ နှစ်ယောက်စာ မရရင်တော့ ဒုက္ခပဲ´´ဟု တွေးပြီး လောဘနှင့် သောကဖြစ်နေတော့၏။ လူက ကျောင်းမှာနေသော်လည်း စိတ်က ပိုက်ကွန်ထဲမှ မထွက်။

စိတ်ထားဖြူစင်အောင်နေထိုင်ခြင်းကို ``ဥပုသ်စောင့်သည်´´ဟုခေါ်၏။ ယင်းသို့ဆိုလျှင် ထိုတံငါသည် နှစ်ယောက်တွင် မည်သူက ဥပုသ်စောင့်သနည်း။ အဖြေကား လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားလှပါသည်။ ``စိတ်သာရှင်စော ဘုရားဟော``ဆိုသည့်အတိုင်း အတွင်းစိတ်ဓာတ်က တင့်တယ်လျှင် အရာခပ်သိမ်း တင့် တယ်တော့သည်သာ။ ထို့ကြောင့် ဘုရားတည်တိုင်း ကုသိုလ်ရသည်ဟု ပြော၍ မရသကဲ့သို့ စီးပွားရေးလုပ်တိုင်း လည်း တရားနှင့်ဝေးသည်ဟု ပြော၍ မဖြစ်ပေ။
.....................................
သီတဂူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(ashindevindabhivamsa@gmail.com)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်း